International News

အိန္ဒိယနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအကောင်းဆုံး ပြည်နယ် (၇) ခု

Last Updated:

အိန္ဒိယနိုင်ငံ၊ စက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာန (DPIIT) သည် အိန္ဒိယနိုင်ငံတွင် စီးပွားရေးဝန်းကျင် ကောင်းမွန်လာပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်အတွက် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများနှင့် ပူးပေါင်း၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစီမံချက် (Business Reform Action Plan -BRAP) များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်နယ်များအလိုက် ကျင့်သုံးလျက်ရှိသော စီးပွားရေးဆိုင်ရာ အကောင်းဆုံးအလေ့အထများကို အပြန်အလှန်လေ့လာသင်ယူပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြင့် စီးပွားရေးဝန်းကျင်တိုးတက် ကောင်းမွန်လာစေရန်အတွက် အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်သူ Mr. Piyush Goyal က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစီမံချက် (BRAP)  အစီရင်ခံစာ (၂၀၂၀)  ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ပြည်နယ်များကို ထိပ်တန်းအုပ်စု၊ အောင်မြင်မှုရရှိသည့်အုပ်စု၊ ကြိုးစားမှုအကောင်းဆုံးအုပ်စုနှင့်စီးပွားရေးဂေဟစနစ် ပေါ်ထွန်းလာသည့်အုပ်စုဟူ၍ အုပ်စု ၄ ခု ခွဲခြားထားပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုအကောင်းဆုံး ထိပ်တန်းအုပ်စုတွင် ပါဝင်သည့် ပြည်နယ်များမှာ အင်ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ဟာယန၊ ကာနာတာကာ၊ ပန်ဂျပ်၊ တမီးနာဒူနှင့် တယ်လန်ဂါနာ တို့ဖြစ်သည်။ ထိုအစီရင်ခံစာတွင် သတင်းအချက်အလက်ရရှိနိုင်မှု၊ ပြတင်းတစ်ပေါက်စနစ် (Single Window System) ၊ အလုပ်သမားဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သဘာဝပတ်ဝန်းကျင်၊ မြေယာစီမံခန့်ခွဲမှု၊ မြေယာနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းနှင့် ပါမစ်စသည့် နယ်ပယ် (၁၅) ခုကို လွှမ်းခြုံသည့် ပြုပြင်ပြောင်းလဲရမည့်လုပ်ငန်း ၃၀၁ ခု ပါဝင်သည်။ ပြည်နယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အဆိုပါလုပ်ငန်း ၃၀၁ ခု အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ်တွင် မူတည်၍ အကဲဖြတ်ပါသည်။

စက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာနသည် စီးပွားရေးလုပ်ကိုင်ရလွယ်ကူစေရန် ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ၊ ၂၀၁၆ ၊ ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် အစီရင်ခံစာများ ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ (၂၀၁၉) တွင် အင်ဒရာပရာဒေ့ရှ်ပြည်နယ်သည် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးပြည်နယ်ဖြစ်ခဲ့ပြီး၊ ယင်း၏နောက်တွင် ဥတရာပရာဒေ့ရှ်၊ တီလန်ဂနာ၊ မဒ္ဒရာပရာဒေ့ရှ် နှင့် ဂျဟာခန်ပြည်နယ်များက အသီးသီးရပ်တည်လျက်ရှိကြသည်။ ပြည်နယ်အစိုးရများအနေဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင် ရွက်ခဲ့ကြသည့်အတွက် အစီရင်ခံစာ (၂၀၂၀) တွင် ပြုပြောင်းပြောင်းလဲရမည့် လုပ်ငန်းအသစ် ၁၁၈ ခုကို ထည့်သွင်းခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းနယ်ပယ် ပိုမိုကျယ်ပြန့်လာစေရန်အတွက် ကဏ္ဍ ၉ ခုဖြစ်သည့် ကုန်သွယ်မှုလိုင်စင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တိုင်းတာမှုဆိုင်ရာဥပဒေများ၊ ရုပ်ရှင်ရုံများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးထောက်ခံချက် (NOC)၊ တယ်လီဖုန်းဆက်သွယ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနှင့် ခရီးသွားလာရေးနယ်ပယ်များနှင့်စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရမည့် လုပ်ငန်း ၇၂ ခုကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာများကို အောင်မြင်အောင်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လက်တွေ့နယ်ပယ်၌ ပြည်နယ်များအကြား ကွာခြားမှုများရှိသည်ကို နားလည်ထားရမည်ဖြစ်သည်။ စီးပွားရေးလုပ်ဆောင်ရလွယ်ကူမှုအစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ပြည်နယ်များ၏ စွမ်းဆောင်ရည်များကို ကိန်းဂဏန်းအချက်အလက်များဖြင့် သုံးသပ်နိုင်ပြီး ၎င်းတို့၏ ပြုပြင်ပြောင်းလဲမှုများသည် လက်တွေ့ကျသော မူဝါဒများအဖြစ် ယုံကြည်စိတ်ချရမှု ရှိ/မရှိကို သိရှိနိုင်မည်ဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိန္ဒိယတစ်နိုင်ငံလုံးကို ခြုံငုံလေ့လာခြင်းထက် ပြည်နယ်များ၏ စက်မှုဆိုင်ရာဂေဟစနစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အဉီနှင့် ဗြူရိုကရေစီစနစ်တို့ကို နှိုင်းယှဉ်လေ့လာကာ ကုမ္ပဏီ၏လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ အကဲဖြတ်ရန် လိုအပ်သည်။ အကြောင်းမှာ အိန္ဒိယနိုင်ငံတွင် ပြည်နယ်တစ်ခုနှင့်တစ်ခု စီမံအုပ်ချုပ်မှုများ မတူညီသော ကြောင့်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက (က) အဆိုပြုထားသော စီးပွားရေးလုပ်ငန်းတစ်ခုစတင်ရန်အတွက် အသင့်တော်ဆုံးသော အခြေအနေတစ်ရပ်ကို ရွေးချယ်နိုင်ရန်အလို့ငှာ အသေးစိတ်လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း၊ (ခ) အစိုးရတည်ငြိမ်မှု၊ စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများ၊ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုနှင့် ပွင့်လင်းမြင်သာရှိမှုစသည့်အချက်များကို လေ့လာ အကဲဖြတ်ခြင်း၊ (ဂ) ပြည်နယ်များနှင့် မြို့ကြီးများ၏ စီးပွားရေးအလားအလာ၊ ဈေးကွက်အရွယ်အစား၊ လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်း ကျင်ကို လေ့လာအကဲဖြတ်ခြင်း (ဃ) ပြည်နယ်များမှ ပေးအပ်သော မက်လုံးများ (Incentives) များနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန်အတွက် ပြည်နယ်စက်မှုဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် (င) စီးပွားရေးလုပ်ငန်းအတွက် အဓိကဈေးကွက်ချိတ်ဆက်ပေးနိုင်မည့် စီးပွားရေးပြိုင်ဖက်များ သို့မဟုတ် ဒေသခံကုမ္ပဏီများကို လေ့လာစုံစမ်းခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။

Source: INDIA BRIEFING

မေအောင်လိန်း (MYANTRADE)

Category: International News